ရောဂါဆိုးကြီးနဲ့တိုင်းရေးပြည်ရေးကို
ခဏအဝေးမှာထားခဲ့လိုက်တယ်
မပူတဲ့နေရောင်ရဲ့အောက်က
လေတိုက်တိုင်းလိုက်ရွေ့နေတဲ့အရိပ်တစ်ခုမှာ
ထိုင်ခုံလေးတစ်လုံးရယ်
ကော်ဖီလေးတစ်ခွက်ရယ်
သီချင်းအေးအေးလေးတွေရယ်
လေညှင်းကလေးရယ်
ပြီးတော့ အသံဆိုးတာကိုမေ့လိုက်ပြီး
လိုက်ဆိုနေတဲ့ကျွန်တော်ရယ်
ပူနေတဲ့ကော်ဖီခွက်ကိုမသောက်သေးပဲ
နှုတ်ခမ်းလေးနဲ့တေ့
မေ့နေတဲ့သီချင်းရယ်
ညှင်းနေတဲ့လေပြေရယ်
ခဏတာအေးချမ်းမှု ပြီးပြည့်စုံမှုလေးကို
လက်ဝယ်ထားရှိလိုက်မိတယ်
ဟိုအဝေးကမြင်နေရတဲ့တောင်တန်းတွေကြောင့်လား
တောင်ကုန်းတွေကိုဖြတ်သန်းလာတဲ့လေညှင်းကြောင့်လား
နားထောင်နေတဲ့သီချင်းတွေကြောင့်လား
သောက်နေတဲ့ကော်ဖီကြောင့်လား
လွင့်မျောနေတဲ့စိတ်ကြောင့်လား
ဘယ်အရာကပြည့်စုံစေတာပါလိမ့်
Poet : ****LEO***